မျက်ကြောဆွဲရခြင်း အကြောင်းရင်းများ
သဘောကျရတဲ့ ကောင်လေး၊ကောင်မလေးချောချောလေးတွေကို တွေ့လို့ အထာပေးတဲ့အနေနဲ့ မျက်စိမှိတ်ပြတာမျိုး မဟုတ်ဘဲ အလိုလို မျက်ကြောဆွဲမိတာမျိုး ဖြစ်ဖူးကြလား။ လူတွေရှေ့မှာဆို ပိုပြီး စိတ်ဒုက္ခရောက်ရတဲ့ အဖြစ်ပါပဲနော်။ မျက်နှာရူးလို့ အထင်လွဲ ခံရမှာလည်း ကြောက်ရ၊ ထိန်းချုပ်လို့ကလည်းမရ၊ မျက်စိက တစ်ခုခု ဖြစ်တော့မှာလားလို့ စိတ်တွေလည်းပူရနဲ့ ဗျာများရတဲ့ အချိန်တွေ ဖြစ်မယ်ထင်ပါတယ်။
မျက်ကြောဆွဲတာဟာ အဖြစ်များပေမယ့် များသောအားဖြင့် စိုးရိမ်စရာ မလိုဘဲ သူ့အလိုလို သက်သာသွားတတ်ပါတယ်။ အကယ်၍ ၂ ပတ်ကျော်တဲ့ထိ မသက်သာရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
ဘာကြောင့် မျက်ကြောဆွဲရတာလဲ?
မျက်ကြောဆွဲရတဲ့ အကြောင်းအရင်းတွေ အများကြီးရှိတဲ့အနက် အဓိကအကျဆုံး အချက်တွေကတော့
- စိတ်ဖိစီးမှုနဲ့ စိတ်ပူပန်စရာတွေ များတာ
- စိတ်ပင်ပန်း၊ လူပင်ပန်းတာ
- ကော်ဖီနဲ့အရက် အလွန်အကျွံသောက်တာ
- ဆေးလိပ်သောက်တာ
- အလင်းရောင်စူးစူးတွေကို ကြည့်မိတာ
- မျက်စိက များများ အာရုံစိုက်ရတာ (ကွန်ပြူတာအသုံးများသူ၊ ဂိမ်းကစားသူတွေ)
- လေပြင်းတိုက်တာ၊ ဖုန်မှုန့်တွေ မျက်စိထဲဝင်တာနဲ့
- တချို့သော ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ မျက်ကြောဆွဲတာ အဖြစ်များပါတယ်။
အဖြစ်မများပေမယ့် မျက်ခွံရောင်တာနဲ့ မျက်စိခြောက်သွေ့တာကြောင့်လည်း မျက်ကြောဆွဲနိုင်သလို Dystonia လို့ခေါ်တဲ့ ကြွက်သားတွေ ကျုံ့တဲ့ရောဂါ၊ Bell's Palsy လို့ ခေါ်တဲ့ မျက်နှာတစ်ခြမ်း လေဖြတ်တဲ့ရောဂါ၊ Multiple Sclerosis လို့ခေါ်တဲ့ ကိုယ်ခံအားစနစ် ချို့ယွင်းတဲ့ ရောဂါတွေကြောင့်လည်း မျက်ကြောဆွဲနိုင်ပါတယ်။
မျက်ကြောဆွဲတဲ့အခါ လုပ်သင့်တာတွေက…
- အနားသေချာယူပေးတာ
- စိတ်ရော၊ ခန္ဓာကိုယ်ရော သက်တောင့်သက်သာ ဖြစ်အောင်နေထိုင်တာ
- (မျက်ကြောဆွဲတာက ပုံမှန်အားဖြင့် အန္တရာယ်မရှိတတ်လို့) အရမ်းအာရုံ မစိုက်ဘဲ ပူပန်မှု မရှိအောင်နေတာ စတာတွေပါပဲ။
မလုပ်သင့်တာတွေက…
- လက်ဖက်ရည်၊ ကော်ဖီတွေ အများကြီး မသောက်ပါနဲ့။
- အရက်အလွန်အကျွံ မသောက်ပါနဲ့။
- ဆေးလိပ် မသောက်ပါနဲ့။
- ဆေးတစ်ခုခုကြောင့် ဖြစ်တယ်လို့ ကိုယ့်ဘာသာ သံသယရှိယုံနဲ့ ဆရာဝန်ညွှန်ကြားထားတဲ့ ဆေးတွေကို မိမိသဘောနဲ့ မရပ်ပစ်ပါနဲ့ (ဆရာဝန်နဲ့ ပြန်လည်တိုင်ပင်ပါ)။
တကယ်လို့ မျက်ကြောဆွဲတာ နှစ်ပတ်ကျော်တဲ့ထိ မသက်သာပဲ အောက်ကအချက်တွေပါ ဖြစ်နေခဲ့မယ်ဆိုရင် အထူးဂရုစိုက်ဖို့ လိုအပ်တဲ့ အခြေအနေဆိုတာကို သိစေချင်ပါတယ်။ အရေးကြီး လက္ခဏာတွေကတော့
- မျက်ကြောဆွဲတာတင် မဟုတ်ဘဲ တခြားနေရာက ကြွက်သားတွေကပါ အကြောဆွဲသလို ဖြစ်နေရတာ
- မျက်ကြောဆွဲတဲ့ တစ်ဝိုက်က ကြွက်သားတွေက အားနည်းနေတာ သို့မဟုတ် တင်းနေတာမျိုး ခံစားရတာ
- ဆေးတစ်ခုခုကြောင့် ဖြစ်တယ်လို့ သံသယရှိနေတာ မျိုးတွေပါ။
ဒီလိုဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ဆွေးနွေးပြသဖို့ လိုအပ်မှာဖြစ်ပါတယ်နော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်